International News

စင်ကာပူနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းမှုစတင်

Last Updated:

စင်ကာပူနိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် ဒီဂျစ်တယ်ကုန်သွယ်မှုသဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းမှုများစတင်ကြောင်းကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Gan Kim Yong နှင့် Executive Vice President of the European Commission for An Economy that Works for People and Trade Commissioner Valdis Dombrovskis တို့က ဗီဒီယိုကွန်ဖရင့်ဖြင့် ကြေညာခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် အီးယူ-စင်ကာပူလွတ်လပ်သည့် ကုန်သွယ်မှုသဘောတူစာချုပ်အရ ကာလကြာရှည်ပြီး ခိုင်မာသည့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုရှိပါသည်။ ဒီဂျစ်တယ်ကုန်သွယ်မှုသဘောတူစာချုပ်သည် ကုန်သွယ်မှုကိုအထောက်အကူဖြစ်စေမည့် ဥပဒေပိုင်းအရ စည်းနှောင်မှုရှိသည့် လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက်များ၊ ယုံကြည်စိတ်ချရသည့်အချက်အလက်များ ဖလှယ်မှုအဆင်ပြေစေခြင်းဖြင့် ဒီဂျစ်တယ်ကဏ္ဍတွင် နှစ်ဖက်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ချိတ်ဆက်မှုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ဝန်းကျင်ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Gan Kim Yong က စင်ကာပူနိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် လုပ်သာကိုင်သာရှိသည့်စီးပွားရေးဝန်းကျင်နှင့် ပွင့်လင်းမြင်သာပြီး လုပ်ထုံးလုပ်နည်းစည်းမျဉ်းအခြေခံသည့်ကုန်သွယ်မှုကို အထောက်အကူပြုစေရေး နှစ်ဖက်ကတိကဝတ်ပြုထားကြသည့် စိတ်တူကိုယ်တူမိတ်ဖက်များဖြစ်ကြောင်း၊ ဒီဂျစ်တယ်သဘောတူစာချုပ်သည် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ လူထုအတွက် ဒီဂျစ်တယ်ကဏ္ဍတွင် အခွင့်အလမ်းအသစ်များရရှိစေခြင်းဖြင့် နှစ်ဖက်စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည့် EU-Singapore Digital Partnership and Digital Trade Principles ကိုအခြေခံပြီး ဒီဂျစ်တယ်ချိတ်ဆက်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့ဒီဂျစ်တယ်ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများအကောင် အထည်ဖော်မှုအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် ဒီဂျစ်တယ်ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းမှုအောင်မြင်ပြီးမြောက်ရေး ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် စီးပွားရေးနှင့် ဒီဂျစ်တယ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရေး မျှော်မှန်းပါကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် နှစ်နိုင်ငံဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ကို ချီလီနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အီးယူတို့နှင့် ချုပ်ဆိုထားသည်ကို တွေ့ရပါသည်။ ပထမအကြိမ် စင်ကာပူ - ကိုရီးယား ဒီဂျစ်တယ်စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကိုလည်း ကိုရီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စင်ကာပူနိုင်ငံအနေဖြင့် ဆက်လက်၍ အလားတူစာချုပ်များ ချုပ်ဆိုရန် လိုလားလျက်ရှိသည်ဖြစ်ရာ ဒေသတွင်း၌ ၎င်း၏ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းစေရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဒီဂျစ်တယ်ကဏ္ဍကိုအခြေခံသည့် စီးပွားရေးဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ဒီဂျစ်တယ်ကုန်သွယ်မှုသဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းမှုစတင်ခြင်းသည် ဒေသတွင်း၌သာမက ဥရောပနှင့်ပါ ဒီဂျစ်တယ်ကုန်သွယ်မှုကို ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News